လူတစ်ယောက်မှာ စိတ်လှဖို့အရေးအကြီးဆုံးပါ။ စိတ်လဲလှတယ် လူလဲ လှတယ်ဆိုရင်တော့ အတိုင်းအထက် အလွန်ပါဘဲ။ ဘယ်သူမဆို မိမိကိုယ်ကို လှလှပပလေး ဖြစ်ချင်ကြမယ် ထင်ပါတယ်နော်။ စိတ်ကလေးက လှနေပြီး ရုပ်က မလှပြန်ရင်လည်း ပြီးပြည့်စုံတဲ့အလှလို့ မခေါ်နိုင်သေးဘူး ဆိုရပါမယ်။ ရုပ်ကိုလည်း အလှဆင်ဖို့ ပြင်ဆင်သင့်သလို မိမိစိတ်ကိုလည်း လှပအောင် ပြင်ဆင် မွေးမြူရမှာဖြစ်ပါတယ်။ လူတွေဟာ အသက်ကြီး လာတာနဲ့ အမျှ ငယ်ရွယ်နုပျိုလှပမှုတွေဟာ တဖြေးဖြေးနဲ့ လျော့ပါးလာမှာ အမှန်ဘဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အသက်ကြီးလာရင်လည်း ငယ်ရွယ်နုပျိုမှုတွေ အလှအပတွေ လျော့ပါးသွားမှာဘဲဆိုပြီး မထိန်းသိမ်းဘဲ ထားတာထက်စာရင် မိမိကိုယ်ကို ဂရုတစိုက် ပြုပြင်ထိန်းသိမ်းတာက အရွယ်ကျမှုကို အထိုက်အလျောက် တားဆီးနိုင်ပြီး အသက်ထက်စာရင် နုပျိုလှပ ကြည့်ကောင်းနိုင်တယ်လို့ ဆိုပါတယ်။ ကောင်းပါပြီ.. မိမိကိုယ်ကို နုပျိုအောင် ဘယ်လိုများ ထိန်းသိမ်းစောင့်ရှောက်မလဲလို့ မေးလာရင်တော့ ဖတ်ဖူးထားတဲ့ စာတစ်ချို့ကို ကိုးကားပြီး ပြောပြချင်ပါတယ်။

၁. လမ်းလျှောက်တဲ့အခါဖြစ်စေ၊ မတ်တပ်ရပ်တဲ့အခါဖြစ်စေ ကိုယ်ခန္ဓာကို ဖြောင့်ဖြောင့်မတ်မတ် ထားဖို့ လိုအပ်ပါတယ်။ အဲဒီလို မတ်မတ်လျှောက်ခြင်းအားဖြင့် ပုခုံးကိုနောက်သို့ပစ်ထားစေပြီး ဝမ်းဗိုက်ကို ချပ်စေတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိသူ တစ်ယောက်အသွင် ပေါ်လွင်ပြီး ငယ်ရွယ်နုပျိုတဲ့ ပုံစံ ဖြစ်စေပါတယ်။ အဲဒီလို မတ်မတ် ရပ်တတ်တဲ့အကျင့်၊ လမ်းလျှောက်တတ်တဲ့အကျင့် မရှိပါက ပထမဆုံး မိမိကိုယ်ကို မှန်ထဲမှာ ကျင့်ကြည့်ပါ။ အလေ့အကျင့်ရလာတဲ့အခါ လွယ်လွယ်ကူကူဖြစ်သွားပြီး စမတ်ကျကျ လျှောက်တတ် နေတတ်သွားပါလိမ့်မယ်။

၂. အိပ်ရေးဝဝအိပ်ခြင်းဟာလည်း နုပျိုစေတဲ့ အချက်တစ်ချက်လို့ ဆိုပါတယ်။ တစ်ရက်ကို အနည်းဆုံး အိပ်ချိန် ၇နာရီမှ ၈နာရီထိ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပြည့်ဖြိုးစေပြီး စိတ်ကိုလည်း လန်းဆန်းစေတာကြောင့် သင့်ကိုယ်ကို အရွယ်တင် နုပျိုစေပြီး လန်းဆန်း တက်ကြွစေနိုင်တဲ့ အချက် တစ်ခုလို့ဆိုပါတယ်။

၃. အပြုံးကလည်း လူတစ်ယောက်ကို ငယ်ရွယ်နုပျိုစေပြီး ကြည့်လို့ကောင်းစေနိုင်ပါတယ်။ လူတစ်ယောက်ဟာ ပြုံးလိုက်ပြီဆိုရင် မျက်နှာပြင်က အကြောအခြင်တွေ လျော့သွားတဲ့အတွက် ပြုံးနေတဲ့မျက်နှာဟာ ရှိရင်းစွဲထက် ပိုငယ်တယ်လို့ ထင်ရပါတယ်။ ဒါကြောင့် မှန်ရှေ့မှာ ရပ်ပြီး ပြုံးကြည့်ပါ။ ပြုံးထားတဲ့ မျက်နှာနဲ့ မျက်နှာကြော ခပ်တင်းတင်းမျက်နှာ၂ခုကို နှိုင်းယှဉ်ကြည့်ရင် ဘယ်မျက်နှာလေးက သင့်ကို လှပငယ်ရွယ်စေသလဲဆိုတာ ခွဲခြားနိုင်ပါလိမ့်မယ်။

၎. ဆံပင်ပုံစံကလည်း လူတစ်ယောက်ရဲ့ ပုံစံကို ကောင်းကောင်းကြီးပြောင်းလဲစေနိုင်ပါတယ်။ တစ်ချို့ဆို ဆံပင်ပုံစံကြောင့် နုငယ်လှပတဲ့ ပုံစံမျိုး ပြောင်းလဲသွားရတာတွေ တွေ့မြင်ဖူးကြမှာပါ။ မိမိမျက်နှာလေးနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ထားခြင်းအားဖြင့် အသက်ထက် ပိုငယ်ရွယ် နုပျိုလာစေနိုင်ပါတယ်။ ဆံပင်ပုံစံကို ရွေးချယ်ရာမှာ မျက်နှာ အနေအထားသာမက ဆံပင်အရောင်၊ ဆံသားအထူအပါးကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဆံပင်ညှပ်ဆရာကောင်းတစ်ယောက်ဟာ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို အကြံပေးနိုင်စွမ်း ရှိရပါမယ်။ ဆံပင်ပုံစံကို ရွေးချယ်ရမှာ သင့်မျက်နှာ အနေအထားကို ထည့်သွင်းစဉ်းစားရုံသာ မကဘဲ ဆံပင် အထူအပါး၊ ဆံပင်သားအရောင်တို့ကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

၅. ဆံပင်ကို အရောင်ဆိုးခြင်းကလည်း ရှိရင်းစွဲထက် ပိုမိုငယ်ရွယ်နုပျိုစေပါတယ်။ ဆံပင်အရောင်ဆိုးမယ်ဆိုရင် မိမိရဲ့ မူရင်းဆံပင်အရောင်နဲ့ သိပ်မကွာတဲ့ အရောင်ကို ရွေးချယ်သင့်ပါတယ်။ သို့မှသာ သဘာဝကျကျဖြင့် သင့်မျက်နှာကို ပိုမို ထင်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဆံပင်ကို ဟိုက်လိုက်ဖောက်ခြင်းကိုလည်း အခါအားလျှော်စွာ ပြုလုပ်နိုင်ပါတယ်။

၆. သင့်ကိုယ်ကို စမတ်ကျကျဖြင့် လှပလိုပါက အဝတ်အစားရွေးချယ်မှုကိုလည်း သတိထားရမှာဖြစ်ပါတယ်။ မိမိခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အားနည်းချက်ကို ရှာပြီး ၄င်းအားနည်းချက်ကို ဖုံးကွယ်နိုင်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်နိုင်ပါတယ်။ ဥပမာ.. ပျော့တွဲနေတဲ့ လက်မောင်းသားများကို တံတောင်ဆစ်ခန့်ရှိတဲ့ လက်အရှည်အင်္ကျီဖြင့် ဖုံးကွယ်နိုင်ပါတယ်။ အရောင်ဖျော့များဟာလည်း ပိုမိုငယ်ရွယ်နုပျိုဟန် ပေါက်စေပါတယ်။

၇. သွားများကို သန့်ရှင်းနေအောင် ဂရုစိုက်သင့်ပါတယ်။ သွားကို နေ့စဉ်တိုက်သင့်သည့်အပြင် သွားတိုက်ကြိုးဖြင့်လည်း သွားကြားတွင် ညှပ်နေသော အစာများကို သန့်စင်ပေးပါ။ သွားဆရာဝန်ထံ မကြာခဏ သွားပြပါ။ သွားကို သန့်ရှင်းခြင်းအားဖြင့် သွားအောက်ခြေတွင် ကျောက်တည်ခြင်း၊ သွားပိုးစားခြင်း၊ အချိန်မတန်ခင် သွားကျိုးခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ဖြူစင်သော သွားများကို ပိုင်ဆိုင်ထားခြင်းအားဖြင့် လူကြားထဲတွင် ပြုံးရန် ဝန်မဝေးခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အပြုံးပန်းကို ပန်ဆင်ထားသော မျက်နှာသည် သာမန်ထက် ပို၍ နုပျိုလန်းဆန်းသော မျက်နှာအဖြစ် အများက သတ်မှတ်ကြပါတယ်။

၈. အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အသက်အရွယ်ရလာရင် ခန္ဓာကိုယ်ဟာ ငယ်ရွယ်စဉ်တုန်းကနဲ့ မတူတော့ဘဲ ဝဖြိုးဖို့ ပိုပြီး လွယ်ကူလာပါတယ်။ ပိန်ပိန်ပါးပါး လူတစ်ယောက်နဲ့ ဝတဲ့သူတစ်ယောက်တို့ဟာ အသက်ချင်း တူရင်အောင် ဝတဲ့သူက အသက်ပိုကြီးတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ငယ်ရွယ်နုပျိုအောင် နေမယ်ဆိုရင် ဝိတ်လျှော့ဖို့အချက်ကလည်း အရေးတကြီး လိုအပ်ပါတယ်။ ခန္ဓာကိုယ် ဝိတ်ကို ကျစေမဲ့ အားကစားတစ်ခုခုကို လိုက်စားသင့်ပါတယ်။ အားကစား လိုက်စားတဲ့သူတွေဟာ သာမာန်လူတွေထက် ပိုပြီး အရွယ်တင် နုပျိုတာကို တွေ့ရပါတယ်။

၉. မိမိနဲ့ သင့်တော်တဲ့ မိတ်ကပ်ကိုသုံးခြင်းဟာလည်း မျက်နှာကို လှပအရွယ်တင်စေပါတယ်။ မိတ်ကပ် လိမ်းထားတဲ့ မျက်နှာဟာ ဘာမှ မလိမ်းထားတာထက်စာရင် နေရောင်ခြည်ဒဏ်မှ တိုက်ရိုက် ထိတွေ့ခြင်းကို အနည်းအကျဉ်း ဖြစ်စေ ကာကွယ်ပေးနိုင်ပြီး မျက်နှာပြင်ပေါ်က အရေးအကြောင်းများ၊ အမဲစက်များကို ဖုံးအုပ်ပေးနိုင်ပါတယ်။

၁၁. မျက်နှာပြင်အရေပြားကို ဂရုတစိုက် ထိန်းသိမ်းရန်လိုအပ်ပါတယ်။ အပြင်က ပြန်လာပြီး မျက်နှာပေါ်က မိတ်ကပ်များကို ဖျက်ပစ်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ရာမှာလည်း ဆပ်ပြာအပြင်းစားများအသုံးပြုကာ ရေဆေးပြီး ဖျက်တာထက် မျက်နှာသန့်စင်တဲ့ cleanser ကို အသုံးပြုပြီး ဖျက်တာက ပိုမိုကောင်းမွန်ပါတယ်။ ညအချိန်မှာ မျက်နှာပေါ်က မိတ်ကပ်တွေကို မဖျက်မိဘဲ တစ်ညလောက် အိပ်မိခြင်းဟာ အရေပြားကို ၈ရက်စာလောက် ပိုမို ရင့်ရော်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ညစဉ်ညတိုင်း မျက်နှာကို သန့်စင်ဆေးကြောရန် မမေ့ဖို့လိုအပ်ပါတယ်။ မျက်နှာသစ်ပြီးပါကလည်း မျက်နှာကို အစိုဓာတ်ပြည်လည်ဖြည့်ပေးတဲ့ Moisturizer လို skin care ကို အသုံးပြုသင့်ပါတယ်။ သို့မှသာ သင့်မျက်နှာကို စိုပြေလန်းဆန်းပြီး နုနယ်ဝင်းပစေမှာ ဖြစ်ပါတယ်။

အထက်ပါအချက်များကတော့ မိမိကိုယ်ကို နုပျိုလှပအောင် နေထိုင်တဲ့နည်းများ ဖြစ်ပါတယ်။ အားလုံးဘဲ လှပကျန်းမာ ပျော်ရွှင်စိတ်ချမ်းသာကြပါစေနော်။
Credit to – အစိမ်းရောင်လွင်ပြင်

Visit Us On Facebook